Tuesday, March 10, 2026
HomeNewsရေးမြောက်ပိုင်းတွင် တစ်ရက်အတွင်း နှစ်ဖက်ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွား

ရေးမြောက်ပိုင်းတွင် တစ်ရက်အတွင်း နှစ်ဖက်ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွား

-

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ အောင်သာယာရွာဟောင်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့များကြား ယမန်နေ့(မတ်လ ၈) ရက်နေ့က ထိတွေ့တိုက်ပွဲ သုံးကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက IMNA သို့ ပြောသည်။

ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာရွာ‌ဟောင်းတွင် အင်အား ၂၀၀ ခန့်ရှိသည့် စစ်‌ကော်မရှင်စစ်ကြောင်းသည် ယမန်နေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်၌  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ညနေ ၄ နာရီကျော်ဝန်ကျင်းတွင် နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ပြန်လည်ဖြစ်ပွားခဲ့ပြီး ည ၆ နာရီကျော်ဝန်းကျင်တွင်လည်း နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုံ-MSRF

“ မနေ့က တစ်ရက်တည်းမှာ အောင်သာယာရွာဟောင်းမှု တိုက်ပွဲ ၃ ကြိမ် ဖြစ်သွားတာ လက်နက်ကြီးတွေလဲ ပစ်တယ်၊ တော်လှန်ရေးဘက်က သုံးယောက်တော့ ထိသွားတယ်လို့ ကြားတာပဲ သေသွားလား ဒဏ်ရာရသွားတာလာတော့ မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားနေစဉ် စစ်ကော်မရှင် မော့ကနင်အခြေစိုက် အမတ-၃၁၇တပ်ရင်းမှ လက်နက်ကြီး ၇ ကြိမ်ထပ်မနည်း လှမ်းပစ်ခဲ့သည်။

စစ်ကော်မရှင် စစ်ကြောင်းသည် ယနေ့အထိ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ကျေးရွာအနီးတစ်ဝိုက် ဆက်လက်နေရာယူထားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

 “ပြောရရင် အခြေအနေက ဒီနေ့အထိ မတည်ငြိမ်သေးဘူး တိုက်ပွဲပြန်ဖြစ်မှာကိုလဲ စိုးရိမ်နေကြတာ လက်နက်ကြီးထိမှာလဲ ကြောက်နေရတယ် စကစစစ်ကြောင်းတွေလဲ ရှိနေတုန်းပဲဆိုတော့ ဒေသခံတွေလဲ အသွားအလာ မလုပ်ရဲကြဘူး လက်နက်ကြီးလည်း ပစ်တယ်ဆိုတော့လေ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့မှ ပြီးခဲ့သည် မတ်လ ၅ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီး ရပ်‌နားနေသော စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်‌မရှင်အဖွဲ့မှ ရေး-သံဖြူဇရပ်လမ်းပိုင်းကို ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှစ၍ စစ်ကော်မရှင် စစ်ဆေးရေးအဖွဲ့များ စစ်ဆေးတင်းကြပ်ထားသည့်အပြင် ရေးမြို့နယ်မြောက်ပိုင်းရှိ ရွာအတွင်းနှင့်အနီးတဝိုက်ကိုလည်း ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

‌ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလဆန်းအတွင်း အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကော်မရှင်အဖွဲ့မှ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည်။

ထို့ကြောင့် ဒေသခံပြည်သူများ‌အနေဖြင့် ရေးမြို့နယ်မြောက်ပိုင်းနှင့် ရေး-သံဖြူဇရပ် နယ်စပ်ကြားတွင် စစ်ကြောင်းထိုးနေစဉ် အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်တွန်းပြောဆိုထားသည်။

spot_img

Related articles

Stay Connected

29,362FansLike
0FollowersFollow
409FollowersFollow
39,100SubscribersSubscribe

Latest posts